ဘားအံမြို့၌ မြန်မာအမျိုးသမီးများနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ဘားအံ ဇူလိုင် ၅

အမျိုးသမီးများ၏အခွင့်အရေးနှင့်စွမ်းဆောင်နိုင်မှုများကို ပြည်သူလူထုကပိုမိုအာရုံစိုက်မိလာစေရန်နှင့် အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးကို အလေးအနက်ထားအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမျိုးသမီးများ၏ဘဝဘက်စုံဖွံ့ဖြိုးတိုး တက်ရေး အတွက်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများအားလုံးက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ Video Clip ကို ကြည့်ရှုခဲ့ကြပြီး ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ လှပျိုဖြူလေးများက အင်အားသစ်များနှင့်အတူ သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် ကရင်မျိုးနွယ်စု(၁၁)စု၏ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုတို့ကို သရုပ်ပြတင်ဆက်ကြကာ အမှတ်(၁)မူလတန်းကြိုကျောင်းမှ ဆရာမများက မမပုသိမ်သူ သီချင်းဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အခမ်းအနားသို့ တက်ရောက်လာ သူများက ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်း Grade-12 စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသူများအားလည်းကောင်း၊ အားကစားကဏ္ဍတွင်ထူးချွန်သူ အမျိုးသမီးများအား လည်းကောင်း၊ ကျန်းမာရေးနှင့်လူမှုရေးကဏ္ဍတွင် ထူးချွန်သူများအား လည်းကောင်း၊ မြန်မာအမျိုးသမီးများ နေ့အခမ်းအနားတွင်သီဆိုကပြဖျော်ဖြေသူများနှင့် ဝတ်စားဆင် ယင်ထုံးဖွဲ့မှု သရုပ်ပြတင် ဆက်သူ လှပျိုဖြူလေးများကိုလည်းကောင်းအသီးသီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး စုပေါင်း မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ခင်းကျင်းပြသထားသော ပြည်နယ်လူမှုဝန်ထမ်းရုံး လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ ကရင်ပြည်နယ်အမျိုး သမီးရေးရာ အဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ ကရင်ပြည်နယ်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်း၏လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်း ဓာတ်ပုံများ၊ ကရင်ပြည် နယ်အမျိုးသမီးများထုတ်ကုန် အစားအသောက်နှင့်အဝတ်အထည်ပြခန်းတို့ကို လှည့်လည်ကြည့် ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)