အသက်(၂၁)နှစ်အောက် ရပ်ကွက်၊ ကျေးရွာနှင့်တိုက်နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့် ငွေဆောင် U-21 အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေး အလံပေးအပ်

ငွေဆောင် ဇူလိုင်  ၄

ပုသိမ်မြို့နယ်အားကစားနှင့်ကာယကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၆ ခုနှစ်၊ အသက်( ၂၁)နှစ်အောက် ရပ်ကွက်၊ ကျေးရွာနှင့်တိုက်နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်မည့် ငွေဆောင်မြို့ကိုယ်စားပြု (U-21) အမျိုးသားဘောလုံးအသင်းအား ယမန်နေ့ညနေပိုင်းက ငွေဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ အောင်နိုင်ရေးအလံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ငွေဆောင်မြို့ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ (မြို့အုပ်ချုပ်ရေးမှူး)နှင့် ကော်မတီအဖွဲ့ဝင်များ၊ အားကစားအထောက်အကူပြုအဖွဲ့ဝင်များ၊ ငွေဆောင် U - 21 အမျိုးသားဘောလုံးအသင်းမှ နည်းပြများနှင့် ကစားသမားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ငွေဆောင်မြို့ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်မတီအဖွဲ့ဝင်(မြို့လျှပ်စစ်မှူး) ဦးစောထွန်းဦးက  အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူးက ပြိုင်ပွဲဝင် ငွေဆောင် U-21 အမျိုး သားဘောလုံးအသင်းအတွက် အောင်နိုင်ရေးအလံကို ပေးအပ်ရာ အသင်းနည်းပြများနှင့် အသင်းခေါင်း ဆောင်တို့ကလက်ခံရယူခဲ့ကြသည်။

အသက်(၂၁)နှစ်အောက်ရပ်ကွက်၊ကျေးရွာနှင့်တိုက်နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ကျင်းပလျက်ရှိရာ ငွေဆောင်U-21 အသင်းအနေဖြင့် အုပ်စုပွဲစဉ်များကို ဇူလိုင်လ(၄)ရက်နေ့တွင် ပုသိမ်မြို့အမှတ်(၄+၆)ရပ်ကွက်အသင်းဖြင့်လည်းကောင်း၊ ဇူလိုင်လ(၈)ရက်နေ့တွင် ရွှေမြင်တင်အသင်းဖြင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

ကျော်လင်းဦး (ပြန်/ဆက်)