တိုင်းဒေသကြီးဝန်ကြီးချုပ် ဦး‌အေးကျော် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် ခရိုင်ပေါင်းစုံ  အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

ပုသိမ် ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် ခရိုင်ပေါင်းစုံ  အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ ပါဝင်မှုနှင့်စွမ်းဆောင်နိုင်မှုများသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကိုတည်ဆောက်ရာတွင် အရေးကြီးသည့် အကြောင်းအရင်းတစ်ရပ်ဖြစ်ပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျန်းမာကြံ့ခိုင်ရေးသည်လည်း အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်ပြီး အားကစားနည်းများတွင် ဘောလုံးအားကစားနည်းသည် လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီးမရွေး စိတ်ပါဝင်စားပြီး အားပေးချီးမြှင့်မှုအများဆုံးဖြစ်တဲ့ အားကစားနည်းတစ်ရပ်ဖြစ်ပါကြောင်း၊  ယခုပြိုင်ပွဲဝင်အသင်းများမှ ဘောလုံးအားကစားသမားများအနေဖြင့် အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်လာနိုင်စေရေး အစရှိတဲ့ရည်ရွယ်ချက်များအပြင် အခြေခံပညာကျောင်းများမှ ထူးချွန်ထက်မြက်တဲ့ ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲရေးကိုရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ပါကြောင်း”  ပြောကြားပြီး ၂၀၂၆ ခုနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် ခရိုင်ပေါင်းစုံ  အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက၊  ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား နှုတ်ဆက်အားပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသည့် ပုသိမ်ခရိုင်အသင်းနှင့် မြောင်းမြခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)