ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်

ပုသိမ် ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်း အနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဦးစွာအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့က မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ ဇူလိုင်လ (၃)ရက်နေ့သည် မြန်မာနိုင်ငံဒေသအသီးသီး၌ နေထိုင်ကြသည့် အမျိုးသမီးများအားလုံးအတွက် ထူးခြားလေးနက်သည့်နေ့တစ်နေ့ဖြစ်ပြီး နိုင်ငံ၏အရေးပါသည့် ကဏ္ဍအသီးသီး၌ ပါဝင်ဆောင်ရွက် နေသည့် ထူးချွန်အမျိုးသမီးများကို ဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် အလွှာပေါင်းစုံမှ အမျိုးသမီးများကို စိတ်ဓါတ်ခွန်အားမြှင့်တင်ရန်ကျင်းပသည့် နေ့ထူးနေ့မြတ်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာစေရန် ပညာရေးကဏ္ဍတွင် ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးရေးနှင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်စေရေးတို့အတွက် အခြေခံပညာအဆင့်အလိုက် သင်ယူပြီးမြောက်စေရေး ဆောင်ရွက်လျက်ရှိပြီး ကျား၊ မ ခွဲခြားမှုမရှိဘဲ ပညာသင်ကြားခွင့်ရရှိရေး၊ စာတတ်မြောက်ရေးနှင့် ပညာရေးပြီးဆုံးမှု မြင့်မားစေရေး ဆောင်ရွက် လျက်ရှိသကဲ့သို့ ပညာရေးအားနည်းသူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် အသက် မွေးဝမ်းကျောင်းပညာရပ်များကိုလည်း သင်ကြားပေးလျက်ရှိပါကြောင်း၊ ကျား၊ မ တန်းတူညီမျှမှု ရှိရန်နှင့် မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများ ပိုမိုမြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံက တတ်နိုင်သရွေ့ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ အမျိုးသမီး ထုကြီးနှင့် အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာကဏ္ဍအသီးသီးကနေ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြရန်” ပြောကြားပြီးနောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဗီဒီယိုကို ကြည့်ရှု အားပေး ခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအတွင်း နယ်ပယ်အသီးသီး၌ ထူးချွန်စွာစွမ်းဆောင်နိုင်ခဲ့သည့် အမျိုးသမီးများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ ပုသိမ် လေတပ်စခန်း ဌာနချုပ်မှူး၏ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူအသီးသီးက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများ၊ ရှုတိုင်းမဝ ထာဝရတောက်ပ ဧရာဝတီသူအလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် ပဒေသာကပွဲ သရုပ်ဖော်ပြသ ခြင်းများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ CB Bank ၊ Amazing Chaungthar Resorts ၊ Breeze See Sein resort၊  ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ Ohmmar Ayar Construction နှင့် ရွှေဟိုင်းကြီး အအေးခန်းကုမ္ပဏီတို့မှ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့အား အလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယကနှင့် ဥက္ကဋ္ဌတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ကပြဖျော်ဖြေခဲ့သော အကအဖွဲ့များကို ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသော လက်မှုထုတ်ကုန် ပစ္စည်းများနှင့် ပြခန်းအား ကြည့်ရှုအားပေးခဲ့သည်။   

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဧရာဝတီစာကြည့်တိုက်သွားရောက်၍ ပြည်သူများ စာပေလာရောက်ဖတ်ရှုနေမှုများကို ကြည့်ရှုအားပေးပြီး သုတ၊ ရသစာအုပ်များ စုံလင်စွာထားရှိ စေရေး၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဆောင်းပါးများ စုံလင်စွာထားရှိစေရေး၊ စာဖတ်သူများပိုမို စိတ်ပါဝင်စားစွာ လာရောက်ဖတ်ရှုနိုင်ရေး ပြင်ဆင်ထားရှိစေရေး၊ စာအုပ်များပျက်စီးမှုများ မဖြစ်ပေါ်ရေးနှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကို မှာကြားခဲ့ပြီး စာအုပ်စာစောင်များလှူဒါန်းခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)