ဟားခါး ဇူလိုင် ၄
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၂)ရက်နေ့ နံနက် (၉)နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီးခင်မောင်ထွေးက ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအနေဖြင့် ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့များသို့ သွားရောက်ပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာရုံးအဆောက်အဦ၊ ပရိဘောဂ၊ စက်ပစ္စည်းများနှင့် ပြည်သူများ၏အဆောက်အဦများ ထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား နိုင်ငံတော်မှပေးအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ရေးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ပုဂ္ဂလိကပျက်စီးမှုအမျိုးအစားအလိုက် ထောက်ပံ့နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနဆိုင်ရာအဆောက်အဦ ပျက်စီးမှုများကိုလည်း ဦးစားပေးအစီအစဉ်အလိုက် ပြင်ဆင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပြည်နယ်ဦးစီးမှူးများအနေဖြင့် သက်ဆိုင်ရာဌာနအလိုက် ကြီးကြပ်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က နိုင်ငံတော်အကြီးအကဲ၏ တာဝန်ပေးချက်အရ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် ကျရာကဏ္ဍများတွင် အားလုံးဝိုင်းဝန်းပူးဆောင်ရွက်ရန်လိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ကော်မတီဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို မိမိတို့ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များပေါ် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးပေါင်ဇလန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းဇော်ဦး၊ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ဌေး၊ ပြည်နယ်ဥပဒေချုပ် ဦးကပ်တလွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောလင်းတို့က အကြံပြုဖြည့်စွက် ဆွေးနွေးတင်ပြကြပြီး ခေတ္တပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)