ပဲခူးမြို့ မြို့တော်ခန်းမ၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ

ပဲခူး ဇူလိုင် ၃

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက်ပိုင်းက မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ ရင်ခွင်မဲ့ကလေးငယ်များပြုစု စောင့်ရှောက်ရေးရိပ်မြုံမှ ကျောင်းသူ(၁)ဦးက “ကမ္ဘာတည်သရွေ့" သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦး‌မျိုးဆွေဝင်းက တေရသမအကြိမ် မြန်မာနိုင်ငံလုံး ဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲတွင် ဗဟိုအဆင့် စတုတ္တဆုရရှိသူ မမေသီရိစံ Grade -9 အ.ထ.က(၁) လက်ပံတန်း၊ ဂျပန်နိုင်ငံ၊ မစ်ဆူဘီရှီ အာရှကလေးများ ရုပ်ပြဒိုင်ယာရီပွဲတော် ပန်းချီပြိုင်ပွဲတွင် ဆုရရှိခဲ့သူ မရတီကျော်လွင် IELS ကိုယ်ပိုင်ကျောင်း၊ ပြည်မြို့နယ်၊ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး ပထမဆုရရှိသူ မစုမြတ်အောင် အ.ထ.က (ကျောက်တံခါး)၊ ၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိုက်ပျိုးရေးအတတ်ပညာတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး စတုတ္ထဆုရရှိသူ မဟန်နီဆွေ အစမ (ညောင်ခြေထောက်) အုတ်တွင်း၊ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မွေးမြူရေးအတတ်ပညာတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးစတုတ္ထဆုရရှိသူ မသင်းမြတ်သူ အစမ (အုန်းနှဲ)ကဝ စသည့် ထူးချွန်ဆုရရှိသည့် အမျိုးသမီးများအားဆုများ ချီးမြှင့်ပေးအပ်ပြီး ဝန်ကြီးချုပ်၏ဇနီး ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စိုးစိုးသက်၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကဏ္ဍအသီးသီးတွင် ထူးချွန်ဆုရရှိကြသည့် အမျိုးသမီးများနှင့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကျပန်းပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား / သူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ အမျိုးသမီးရေးရာအဖွဲ့မှ “မြန်မာအမျိုးသမီးများနေ့” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အခမ်းအနားတက်ရောက်လာကြသူများက အမျိုးသမီးများနှင့် သက်ဆိုင်သော Viedo Clip အား ကြည့်ရှုကြပြီး ပဲခူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများအဖွဲ့က "မြပန်းခွေ” သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းနှင့်ဇနီး ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက်တို့က ကပြဖျော်ဖြေတင်ဆက်ကြသည့် အမျိုးသမီးအဖွဲ့များအား ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်ကာ အခမ်းအနားတက်ရောက်လာကြသူ များက အမျိုးသမီးများပြုလုပ်သည့် ထုတ်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)