လေရှီး ဇူလိုင် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ ယမန်နေ့နံနက် (၈) နာရီအချိန်က ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက်ကြိုးပမ်းဆောင်ရွက်မည့် အစီအစဉ်အရ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (Training Of Trainer-TOT) ကိုလေရှီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးခိုင်ငြိမ်းချမ်းက (TOT) သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားရာ နိုင်ငံသားတိုင်း ဥပဒေစိုးမိုးမှုရရှိစေရေး၊ ဥပဒေအသိပညာရရှိစေရေး၊ ဥပဒေအကာအကွယ်ကို အညီအမျှရရှိစေရေးတို့အတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းအား ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှကြီးမှူး၍ လေရှီးမြို့နယ်ဥပဒေရုံးက ဦးစီးဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းတွင် (၁) ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ (၂) ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေနှင့် နည်းဥပဒေ၊ (၃) သစ်တောဥပဒေ၊ (၄) လယ်ယာမြေဥပဒေ၊ (၅) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေနှင့် နည်းဥပဒေ၊ (၆) လောင်းကစားဥပဒေ၊ (၇) ရာဇဝတ်ကျင့်ထုံးဥပဒေ၊ (၈) ရာဇသတ်ကြီးဥပဒေ၊ (၉) ရပ်ကွက် (သို့) ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေစသည့်ဥပဒေဘာသာရပ် (၉) ခုအား သင်တန်းအချိန်စုစုပေါင်း (၂၀) ချိန်သင်တန်းကာလ (၃) ရက်ဖြင့်သင်ကြားပို့ချသွားမည်သည်။
အဆိုပါသင်တန်းတွင် ရပ်ကွက်/ကျေး ရွာအုပ်စုအုပ်ချုပ်ရေးမှူးသင်တန်းသား (၆၅) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းအား ယနေ့နံနက် (၉) နာရီအချိန်တွင် စတင်သင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။
လေရှီး(ပြန်/ဆက်)