မြန်အောင်၌ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT) ဖွင့်လှစ်ပို့ချ

မြန်အောင် ဇူလိုင် ၃

"လူတိုင်းဥပဒေအသိပညာရရှိရမည်" ဆိုသည့်အညွှန်းကိန်းကို ဖော်ဆောင်ရန်ရည်ရွယ်၍ ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ကိုယနေ့နံနက်က ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT)ဖွင့်ပွဲတွင် မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဒေါ်စွမ်းရည်မြင့်ကရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူလူထုများကို ဥပဒေအသိပညာ ပြန့်ပွားစေခြင်းဖြင့် "လုတိုင်းဥပဒေအသိပညာရရှိရမည်" ဆိုသည့်အညွှန်းကိန်းကို ဖော်ဆောင်ရန်ရည်ရွယ်၍ ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစနေထွန်းက သင်တန်းတက်ရောက်မည့် အုပ်ချုပ်ရေးမှူးများအား လမ်းညွှန်အမှာစကား ပြောကြားသည်။

‌ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ‌‌ဒေါ်ခင်ခင်‌လေးက ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများအပါအဝင် ၂၀၁၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ၊ အကြမ်းဖက်မှူတိုက်ဖျက်ရေးဥပဒေ၊ ပြည်သူ့စစ်မှူထမ်းဥပဒေစသည့် ဥပဒေများကို ရှင်းလင်းသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ဝင်းဗိုလ်(ပြန်/ဆက်)