မော်လမြိုင်ကျွန်း ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၆) ရပ်ကွက်၊ စိန်ပန်းပတ်လမ်းရှိ သမ္မာသမ္ဗုဒ္ဓ မြို့ဦးစေတီတော်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်တို့က စိုက်ပျိုးရန်ပျိုးပင်များကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များထံသို့ ပေးအပ်ခဲ့ပြီးနောက် တက်ရောက်လာကြသူများက သတ်မှတ်နေရာများတွင် ပျိုးပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ထိုသို့ စိုက်ပျိုးရာတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုပြောင်းလဲမှုလျော့ပါးစေရေးနှင့် သစ်တောသယံဇာတများ တိုးပွားလာစေရေးတို့ကို ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးခန့်ဇော်ထက်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ရပ်ကွက် အသီးသီးမှ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ခရေ၊ ရေတမာ၊ မန်ဂျန်ရှား၊ ကံ့ကော်နှင့် မဟော်ဂနီ စုစုပေါင်း ပျိုးပင် (၃၀၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)