ဖျာပုံ ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်အရ ဦးဆောင်ကျင်းပသော မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားအသက် (၂၃) နှစ်အောက် အမျိုးသားဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင် ၁ ရက် နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ် အားကစားခန်းမ၌ ကျင်းပကြသည်။
အဆိုပါအသက် (၂၃) နှစ်အောက် အမျိုးသားဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဖျာပုံမြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းက ယခုကဲ့သို့ ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပရခြင်းမှာ နိုင်ငံတော်မှအားထားရသော မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် လူငယ်လူရွယ်များအားကစားကို ချစ်မြတ်နိုးတန်ဖိုးထားတက်စေရန်ရည်ရွယ်၍ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် (၄) ချက် ရွတ်ဆိုကြပြီး မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။ဆက်လက်၍ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပရာ ချောင်းတွင်းလူငယ်နှင့် အမှတ် (၁၆) လူငယ်အသင်းတို့ယှဉ်ပြိုင်ကြရာ အမှတ် (၁၆) လူငယ်အသင်းက ချောင်းတွင်းလူငယ်အသင်းကို (၂) ပွဲ၊ (၁) ပွဲဖြင့် အနိုင်ရရှိပြီး ပြိုင်ပွဲကို အုပ်စုပတ်လည်စနစ်ဖြင့် ဇူလိုင်လ (၁) ရက်နေ့မှ ဇူလိုင်လ (၃) ရက်နေ့အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ပြိုင်ပွဲဝင်အသင်း (၁၃) သင်းဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)