ရွှေကျင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကျင်းပ

ရွှေကျင် ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ရှမ်းကြေးရပ်ကွက် အခြေခံပညာအထက်တန်း (တပ်နယ်) ကျောင်း ပညာအလင်းရောင်ခန်းမတွင် လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်း (တပ်နယ်) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းနွယ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲစုအောင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ကျောင်းသား/ ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး လူငယ်စကားဝိုင်းအား စတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲစု‌‌အောင်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းနွယ်တို့ပါဝင်ပြီး Grade (11) မှ ကျောင်းသား မောင်မြင့်မြတ်ဟိန်း ဦးဆောင်သောအဖွဲ့က လူငယ်နှင့်‌ပညာ‌ရေး၊ Grade (11) မှ မောင်ချစ်ရင်ထူး ခေါင်းဆောင်သောအဖွဲ့က လူငယ်နှင့်အနာဂတ်၊ Grade (8) မှ ကျောင်းသူ မအိမြတ်မွန် ခေါင်းဆောင်သောအဖွဲ့က လူငယ်နှင့်မူးယစ်ဆေးဝါး အစရှိသည့် အကြောင်းအရာများအား ခေါင်းစဉ်အလိုက် ဆွေးနွေးသွားခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများမှ မိမိတို့သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဥ်အလိုက် ကျောင်းသား/ ကျောင်းသူလေးများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ (၁၃၀) ဦးတို့ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာ‌စောင်များအား ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)