ထန်းတပင် (ပဲခူး) ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ယမန်နေ့ က ဇလုပ်ကြီးကျေးရွာ ၊ ငါးဆီးလှောင်ကျေးရွာ ၊ စမွတ်ကျေးရွာ ၊ မဲဘလန်ကျေးရွာ ၊ ကင်းမွန်းချုံကျေးရွာ ၊ ကျွဲလမ်းကျေးရွာတို့တွင် ဆောင်ရွက်ထားရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လွှတ်တော် ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ လုပ်ငန်းများအရည်အသွေး ပြည့်စုံမှန်ကန်မှုရှိစေရေး ၊ လုပ်ငန်းများ အချိန်မှီပြီးစီးဆောင်ရွက်နိုင်ရေး ၊ လုပ်ငန်းခွင်အတွင်းဆောင်ရွက်ထားရှိမှုအခြေအနေများအား လွှတ်တော်ကိုယ်စားလှယ်များ ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အဆိုပါကျေးရွာများတွင် ဆောင်ရွက်နေသည့် (၂၄)ပေအကျယ် သံကူကွန်ကရစ် လမ်းတံတား (၃) စင်း ၊ ကတ္တာထပ်ပိုးလွှာခင်းကျင်းခြင်း ၊ လမ်းတာဘောင်ချဲ့ခြင်းလုပ်ငန်းများအား စစ်ဆေးကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ အဆိုပါအဖွဲ့သည် မြို့စိုး၊ ဇီးကုန်း ၊ ကြိမ်တောမြောင် ၊ ပိန်ကျော်၊ ကွေ့ကြီး၊ စမွတ်၊ ငါးဆီးလှောင် ကျေးရွာ တို့တွင် (၁၁) ကေဗွီ ဓာတ်အားလိုင်း အသုံးပြုနိုင်ရန် ဓာတ်တိုင်များ အမြန်ဆုံးစိုက်ထူနိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းများအား ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်း ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးပါက လမ်းပန်းဆက်သွယ်ရေးများ ယခင်ကထက် ပိုမိုကောင်းမွန်လာနိုင်ပြီး ဆက်သွယ်ရေးအဆင်ပြေချောမွေ့သွားလာနိုင်ပြီ ဖြစ်ကာ ကျန်းမာရေး ၊ ပညာရေး ၊ လူမှုဘဝစီးပွားတိုးတက်ရေးများ နှင့် ကုန်စည်စီးဆင်းမှုများ ယခင်ကထက် ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း သိရပါတယ်။
မြို့နယ် (ပြန်/ဆက်)