ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ရန်ကုန် - ပုသိမ်ကားလမ်းပေါ်ရှိ ပန်တိုင်စစ်ဆေးရေးဂိတ်အား အဆင့်မြှင့်တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းများနှင့် ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ပုသိမ် ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် ဇွန် ၃၀ ရက်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ရန်ကုန်-ပုသိမ်ကားလမ်းပေါ်ရှိ ပန်တိုင်စစ်ဆေးရေးဂိတ်အား အဆင့်မြှင့်တိုးချဲ့ တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌ မြေသားပြုပြင်ခြင်းနှင့် ဖို့မြေလုပ်ငန်းများဆောင်ရွက်ခြင်း၊ ယာဉ်များရပ်နားစစ်ဆေးခံရန် အဆောက်အဦ တည်ဆောက်ခြင်း၊ X-Ray စက်ထားရှိရန် အဆောက်အဦတည်ဆောက်ခြင်း၊ အိပ်ဆောင်၊ စားရိပ်သာနှင့်မီးဖိုဆောင် တည်ဆောက်ခြင်း၊ ရေချိုးဆောင်၊ သန့်စင်ခန်း၊ ရေစင်နှင့် လုပ်ငန်းသုံး ယာယီအဆောက်အဦများ စသည့် တည်ဆောက်ရေးလုပ်ငန်းများ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် မြေနေရာများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဦးစားပေးအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများအား အမြန်ဆောင်ရွက်သွားရန်နှင့် မြေသားခိုင်ခံ့မှုရှိစေရေးနှင့် မြေထိန်းနံရံတည်ဆောက်ရေးလုပ်ငန်းများနှင့် ဆောက်လုပ်သည့် အဆောက်အဦများသည် သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေရေးအပြင် အရည်အသွေးပြည့်မီရေးအတွက် အထူးအလေးထား ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး တာဝန်ကျဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုံခြုံရေးကိစ္စရပ်များအား အလေးထားဆောင်ရွက်ရန်၊ တရားမဝင် ကုန်သွယ်မှုများမရှိစေရေး စစ်ဆေးကြပ်မတ်ရန်၊ မိမိတို့လုပ်ငန်းတာဝန်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် Oriental Highway Company မှ BOT စနစ်ဖြင့် ဆောင်ရွက်လျှက်ရှိသော ရန်ကုန်-ပုသိမ်လမ်း (ဧရာဝတီတိုင်းဒေသကြီးအပိုင်း မိုင် (၁၇/၄ မှ ၅၆/၀) အတွင်းရှိ မိုင်၄၇/၁တွင်ပေ (၃၀) အကျယ် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ ကုမ္ပဏီတာဝန်ရှိသူမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)က လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များအား ဖြည့်စွက်ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လမ်းအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးရေး၊ လမ်းပခုံးများ စနစ်တကျ ရှိစေရေး၊ ရေမြောင်းများထားရှိရေး၊ လမ်းဘေးဝဲယာတွင် သစ်ပင်များစိုက်ပျိုးရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)