တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ကျင်းပ

ပုသိမ် ဇူလိုင် ၃

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို ဇူလိုင်လ ၁ ရက်နေ့နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆) ဦး၏ ကြယ်ပွင့်ပြမေးခွန်း(၆)ခုကို သက်ဆိုင်ရာ တိုင်း‌ဒေသကြီးဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ လေးမျက်နှာမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) က  လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာတင်သွင်းပြီး လွှတ်တော်က သဘောတူသဖြင့် မှတ်တမ်းတင် ကြောင်း ကြေညာခဲ့သည်။

ဆက်လက်၍ တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင်ပြောကြားခဲ့သည့်ဥက္ကဋ္ဌ၏ နှုတ်ခွန်းဆက်စကားအား မှတ်တမ်းတင်ခဲ့ပြီးနောက်   တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက်များကို လွှတ်တော်ဒုတိယဥက္ကဋ္ဌက လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့ကာ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆက်လက်ကြေညာခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ကြောင်းကြေညာခဲ့ကာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၁၇) ရက်မြောက်နေ့ကို ရပ်နားခဲ့ကြောင်းနှင့် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

လှမင်းထွဋ်(ပြန်/ဆက်)