စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၆-ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား တက်ရောက်

မုံရွာ ဇူလိုင် ၃

မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးလူမူဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၆-ခုနှစ်၊ မိုးရာ သီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ဇူလိုင်လ ၂ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ရာ သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လိူင်မြင့်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက သစ်ပင်စိုက်ပျိုးပွဲတော်များ ဆောင်ရွက်ခြင်းအားဖြင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပပြီး ဂေဟစနစ်ကောင်းမွန် မျှတစေရေး၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် နိုင်ငံတစ်ဝှန်းလုံးတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုသည့် မူဝါဒနှင့်အညီ ပတ်ဝန်းကျင်ဂေဟစနစ် တည်ငြိမ် ကောင်းမွန်စေရန်နှင့် မိမိတို့တိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်ပြီး ရာသီဥတုပြောင်း လဲမှု လျှော့ချနိုင်ရန်အတွက် သစ်ပင်များစိုက်ပျိုးရေး၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တာဝန်ရှိသူအားလုံးမှ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။  

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်ဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ သစ်ပင်စိုက်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများမှ သတ်မှတ်နေရာများတွင် ရတနာတန်းဝင် ပိတောက်၊ အရိပ်ရလေကာပင် စိန်ပန်း၊ တပေဘူတ သစ်မျိုး(၃) စုစုပေါင်းအပင် (၇၅၀)ပင်အား စုပေါင်းစိုက်ပျိုးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။  

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သူနာပြုသိပ္ပံ(မုံရွာ)၌ ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက်၊ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်၊ သင်တန်းသား/ သင်တန်းသူများ၏ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက ပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သူနာပြု-သားဖွားများ၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးပြီး စိတ်ဓါတ်၊ ခံယူချက်မှန်ကန်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်များ ဆောင်ရွက်နိုင်သည့် သူနာပြုကောင်းများဖြစ်အောင် ယခုအချိန် ကတည်းစပြီး စာတွေ့လက်တွေ့များကို စဉ်ဆက်မပြတ် ဆည်းပူးလေ့လာသွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း  ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အရည်အသွေး၊ အဆင့်အတန်း ပြောင်းလဲတိုးတက်လာစေရန် တစ်ဦးနှင့် တစ်ဦး လေးစားစွာဆက်ဆံပြီး ပြည်သူများနှင့် လူနာများ၏အသံ အကြံပြုချက်များအား အထူးဂရုပြုအလေးထားကာ လူတိုင်းလက်လှမ်းမှီသည့် ကျန်းမာရေးကို စောင့်ရှောက်မှုပေးနိုင်သည့်သူများဖြစ်အောင် ကြိုးစားဆောင်ရွက်သူများဖြစ်အောင် ကြိုးစားအားထုတ်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် မုံရွာ-သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းဆိုင်ရာများအား ရှင်းလင်းပြောကြားပြီး သူနာပြု-သားဖွားဒီပလိုမာ(ပထမ)နှစ် သင်တန်းသား၊ သင်တန်းသူများထံ ဂျူတီကုတ်နှင့် ဦးဆောင်းများ အားအပ်နှင်းကာ သူနာပြု-သားဖွားဒီပလိုမာ(ပထမ)နှစ် သင်တန်းသား၊သင်တန်းသူများက သူနာပြုသစ္စာဓိဌာန်ရွတ်ဆိုကြသည်။   

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သူနာပြု-သားဖွားဒီပလိုမာ (တတိယနှစ်)၊ (ဒုတိယနှစ်)၊ (ပထမနှစ်)များတွင် ပညာရည်ချွန်ဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများထံ ဂုဏ်ပြုဆုတံဆိပ်နှင့်ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)