ကမမောင်းမြို့၌ လူငယ်တိုးတက်ရေးဖလား မြို့နယ်ကျောင်းပေါင်းစုံ အသက် (၁၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကမမောင်း ဇူလိုင် ၃

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ “ကျောင်းပေါင်းစုံ အသက် ၁၅ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ” ကို ယမန်နေ့ မွန်းလွဲ (၃) နာရီက ကမမောင်းမြို့ မြို့မ အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ ဖာပွန်ခရိုင်ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ ဖာပွန်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုင်းညွှန့်မောင်၊ ဖာပွန်မြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးစည်သူဖြိုး၊ ဖာပွန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဇော်မင်းဦး၊ ဖာပွန်မြို့နယ်ပညာရေးမှူး ဦးသိန်းဦး၊ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက အဖွင့်အမှာစကားပြော ကြားပြီး ဖာပွန်မြို့နယ်ပညာရေးမှူး ဦးသိန်းဦးက ကျောင်းသားလူငယ်များ အားကစားကို စိတ်ပါဝင်စားလာပြီး ကျန်းမာကြံ့ခိုင်စေရန်၊ အသင်းအဖွဲ့စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှု ရှိစေရန်၊ ကျောင်းပေါင်းစုံ ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့် မိမိတို့ဒေသကိုယ်စားပြု မျိုးဆက်သစ် လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများမှ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယခုကျင်းပသည့် ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ကျောင်းအသီးသီးမှ ပြိုင်ပွဲဝင်အသင်းစုစုပေါင်း (၈)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကာလကို (၂.၇.၂၀၂၆)ရက်နေ့မှ (၁၇.၇.၂၀၂၆)ရက်နေ့အထိ အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် အ.လ.က -(ခွဲ) ၁ အသင်းနှင့် မူလွန်-၂ အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ အားကစားဝါသနာရှင်များနှင့် ကျောင်းသား မိဘများက လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ကမမောင်း (ပြန်/ဆက်)