ငဖဲ ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးသီးနှံများ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်စေရန်နှင့် ဒေသတွင်းဆီစားသုံးမှုဖူလုံစေရေး အထောက်အကူပြုနိုင်ရန် ဆီထွက်သီးနှံများစိုက်ပျိုးလျက်ရှိရာလက်ရှိအချိန်ထိ ၁၃၅၉၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ငဖဲမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် နေကြာကို တစ်မြို့နယ်လုံးတွင် ၁၃၅၃၂ ဧက စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများက ဇွန်လမှ စတင်စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်ထိ ၁၃၅၉၃ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် ၆၁ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ငဖဲမြို့နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်စေဖို့၊ ဆီစားသုံးမှုဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့ရည်ရွယ်ပြီး မြေပဲ၊ နေကြာနှင့် နှမ်းကို စိုက်ပျိုးကြပါတယ်။ သတ်မှတ်လျာထားဧကပြည့်မီကျော်လွန်ဖို့နဲ့ အထွက်နှုန်းကောင်းမွန်စေဖို့အတွက် ဒေသခံတောင်သူများကို စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ၊ စိုက်နည်းစနစ်များကို စနစ်တကျစိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေးတာတွေရှိသလို သက်ဆိုင်ရာ ကွင်းဝန်ထမ်းများကလည်း ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ပြောကြားသည်။
ငဖဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ် ဆီထွက်သီးနှံ (မိုး)အဖြစ် မြေပဲ ၄၁၈ ဧက၊ နေကြာ ၂၇၆ ဧက၊ နှမ်း ၁၂၈၉၉ ဧက စုစုပေါင်း ၁၃၅၉၃ ဧက စိုက်ပျိုးပြီးစီးပြီး ယခုနှစ်တွင် ဆီထွက်သီးနှံအဖြစ် မိုးနှမ်းကိုပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ ရေမြေရာသီဥတုနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့်မျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း သိရသည်။
မယု(ငဖဲ)