ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ ဆန်စက်များ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကန်ကြီးထောင့်  ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် မီးဘေးလုံခြုံရေး ဆိုင်ရာများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ကျေးရွာများရှိ ဆန်စက်များ၏ မီးဘေးလုံခြုံရေးများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး၏ လမ်းညွှန်မှုဖြင့် ဒါးကနယ်မြေ မီးသတ် စခန်းမှ လက်ထောက်ဦးစီးမှူး ဦးသူရမျိုး ဦးဆောင်သော သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ အဖွဲ့(၂)ဖွဲ့ခွဲ၍ ဒါးကကျေးရွာနှင့် မြင်းကဆိပ် ကျေးရွာအတွင်းရှိ ဆန်စက်များတွင် မီးသတ် ဆေးဘူးများအား သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ လျှပ်စစ်မိန်းခုံနှင့် ဝါယာကြိုးများ ကောင်းမွန်မှု ရှိ/မရှိ၊ အရေးပေါ်ဖြစ်ပွားလျှင် အသုံးပြုရန် ရေရရှိမှု အခြေအနေများနှင့် အရေးပေါ် ဝင်ပေါက်/ ထွက်ပေါက်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံစစ်ဆေးခဲ့ပြီး မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လိုအပ်သည်များကို အကြံပြု ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

"ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များနှင့် နိုင်ငံပိုင်ကုန်ထုတ် အရင်းအနှီးများ မီးဘေး အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတွက် မြို့နယ်အတွင်း မီးဘေးကြိုတင် ကာကွယ်ရေး လိုက်လံစစ်ဆေး အသိပညာပေးခြင်းများနှင့် မီးသတိပေးချက်များအား အသံချဲ့ စက်များဖြင့် လှည့်လည် အသိပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း" မြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးမှ ပြောသည်။

နန်းထိုက် (ပြန်/ဆက်)