ရွှေသောင်ယံ ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ယနေ့နံနက်ပိုင်းက အနာဂတ်ရင်သွေးငယ်များ ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းစေရန်အတွက် အသက်(၂)လမှ (၁)နှစ်ခွဲအထိကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးရာတွင် သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကလေးငယ်များကို ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဦးစွာဆောင်ရွက်ပြီးနောက် အသက်အရွယ်အလိုက် ကာကွယ်ဆေးများကို စနစ်တကျထိုးနှံတိုက်ကျွေးခဲ့ကြသည်။
သို့ရာတွင် အဓိကထိုးနှံတိုက်ကျွေးပေးသည့်ကာကွယ်ဆေးများမှာ အသက် (၂)လမှ (၄)လ (၆)လအတွက် ငါးမျိုးစပ်ကာကွယ်ဆေး၊ (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသါးဝါဘီ၊ ဦးနှောက်အမြှေးရောင်)၊ ပိုလီယိုကာကွယ်ဆေး/ထိုးဆေးနှင့် ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ကာကွယ်ဆေး၊ အသက် (၉)လနှင့် (၁)နှစ်ခွဲအတွက် ဝက်သက်ကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးများကို တိုက်ကျွေးပေးခဲ့သည်။
ထို့ပြင် မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ရင်သွေးငယ်များ၊ ရောဂါကင်းဝေးပြီး ဖွံဖြိုးမှုစနစ်တကျရှိစေရန်အတွက် သတ်မှတ်ထားသောကာကွယ်ဆေးထိုးရက်များတွင် မိခင်နှင့် ကလေးကျန်းမာရေးမှတ်တမ်းစာအုပ် (ကာကွယ်ဆေးထိုးကတ်ပြား) ကိုယူဆောင်၍ နီးစပ်ရာ ကျေးလက်ကျန်းမာရေးဌာနခွဲများသို့ မပျက်မကွက်လာရောက်ထိုးနှံကြရန် အသိပေးနှီုးဆော် တိုက်တွန်းထားကြောင်းသိရသည်။
ကိုကိုမောင်
ရွှေသောင်ယံ (ပြန်/ဆက်)