အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော Online Physical Fitness Dance ပြိုင်ပွဲသို့ နတ်တလင်းမြို့နယ်မှ ပြိုင်ပွဲဝင်(၁၈၅)ဦး ဝင်ရောက်ယှဉ်ပြိုင်

နတ်တလင်း ဇန်နဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွား နေသော Stay at Home ကာလအတွင်း ပြည်သူများ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန် အားကစားလေ့ကျင့်မှု အလေ့အကျင့်ကောင်း တစ်ခု ရရှိစေရန်နှင့် ရောဂါဘယများမှ ကင်းဝေး စေရန် ရည်ရွယ်၍ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကြီးမှူး ကျင်းပ ပြုလုပ်သော Online Physical Dance ပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကျင်းပလျက်ရှိရာ နတ်တလင်း မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှပြိုင်ပွဲဝင်အားကစားသမား (၁၈၅)ဦးဝင်ရောက်ယှဉ် ပြိုင်လျက် ရှိကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် နေပြည်တော်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နမူနာ ပုံစံတင်ပေးသော Online Physical Fitness Dance ၃မိနစ်စာ ဗွီဒီယိုအတိုင်း လိုက်ပါကစား၍ မိမိပါဝင် ယှဉ်ပြိုင်ရိုက်ကူးထားသော ဗွီဒီယိုကို မိမိ facebook အကောင့်မှ Sped Nattalin facebook အကောင့်သို့ ပို့စ်တင် Tag တွဲ၍ ပေးပို့ရမည်ဖြစ်ပြီး လှုပ်လှုပ်ရှားရှား လူထု အကောင့်ကို ဆက်လက် Tag တွဲပေးပို့ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ယှဉ်ပြိုင်ရမည့် ပွဲစဉ်ကိုးပွဲ ပါဝင်မည် ဖြစ်ပြီး ပွဲစဉ် ၁ မှ၈ ထိသတ်မှတ်ထားသော Physical Fitness Dance ဖြင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပွဲ စဉ် ၉ မှာ စိတ်ကြိုက်သီချင်း၊ စိတ်ကြိုက်ကကွက်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း လက်ရှိအချိန်တွင်ပွဲစဉ် ၇ ကိုယှဉ်ပြိုင်လျက်ရှိကြောင်း မြို့နယ် အားကစား နှင့် ကာယပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇော်ဦးထံမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလူထုအားကစားပြိုင်ပွဲကို ပထမဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲ အတွက် ဆုကြေးများကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်များအလိုက် ဆုများ ချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။

ထားထားဦး(နတ်တလင်း)