ဘက်ရဲမြို့၌ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များအား ရှောင်တခင် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်

ကြံခင်း ဇူလိုင် ၂

ဧရာဝတီတိင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၌ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများဖြင့်ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက်၊ ဘက်ရဲမြို့ စည်ပင်သာယာဈေး၊ တာကြီးတန်းလမ်းနှင့် ဓနသိဒ္ဓိလမ်းရှိ စတိုးဆိုင်များ၊ ကုန်မျိုးစုံရောင်းဆိုင်များနှင့် ဆေးဆိုင်များအား ရှောင်တခင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်း၊ ဘက်ရဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ စည်ပင်သာယာဈေးတာဝန်ခံ၊ နယ်မြေရဲစခန်းမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ကုန်အမျိုးမျိုးအရောင်းဆိုင်များတွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိ၊ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချသွားရန်၊ ကန့်သတ်ပစ္စည်းများနှင့် သက်တမ်းလွန် ဆေးဝါးများ၊ တားမြစ်ထားသည့် အသင့်စား စားသောက်ကုန်များ ရောင်းချခြင်းမပြုရန်စစ်ဆေးပြီး၊ ဆေးဆိုင်များ၊ ဆန်ဆိုင်များနှင့် စားသောက်ကုန်ဆိုင်များတွင် ပုံမှန်ထက် ကျော်လွန်ရောင်းချခြင်းများ မပြုကြရန် အသိပညာပေးခြင်း၊ လိုက်နာမှုမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)