လပွတ္တာမြို့နယ်၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(ToT) ဖွင့်လှစ်

လပွတ္တာ ဇူလိုင် ၂

အစိုးရသစ် ရက်(၁၀၀)စီမံချက်အရ ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံးနှင့် လပွတ္တာခရိုင်ဥပဒေရုံးတို့၏ ကြီးကြပ်မှုဖြင့်လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းကာ မြို့နယ်ဥပဒေရုံးမှ ဖွင့်လှစ်သော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ​ရွေးနဒီခန်းမ၌ ဇူလိုင်လ ၂ ရက်၊ နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးစန်းမင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးစံရင်မော်တို့က လူတိုင်းဥပဒေအသိ ပညာရှိစေရေးအတွက်ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှတဆင့် မိမိတို့တာဝန်ထမ်းဆောင်ရာ‌ဒေသရှိပြည်သူများထံသို့ ဥပဒေအသိပညာများထပ်ဆင့် ဖြန့်ဝေနိုင်ရေးရည်ရွယ်၍ ယခုသင်တန်း ကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ပြည်သူများဥပဒေအသိပညာ ရှိလာသည်နှင့်အမျှ တရားဥပဒေစိုးမိုးရေးကိုအ ထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။

၎င်းနောက် ခရိုင်ဥပဒေအရာရှိ ဦးမျိုးမင်းဇော် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်ထက်ထက်ဇော်နှင့် ဒုမြို့နယ်ဥပဒေအရာရှိ ဦးသက်ပိုင်စိုးတို့က သင်တန်းဆက်လက်ပို့ချခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းတွင်သင်တန်းသား (၈၂) ဦးတက်ရောက်လျက်ရှိပြီးဇူလိုင် ၂ ရက်နေ့မှ ၆ ရက်နေ့အထိ (၅)ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)