သာပေါင်း ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတတ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပြည်သူ့စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်က အမှတ်(၁) ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဓမ္မဝိဇယဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်က လွှတ်တော်နှင့် ပတ်သက်သည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအကြီးအကဲများက မိမိတို့၏ ဌာနလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားကြကာ တတ်ရောက်လာကြသော ပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး
သာပေါင်း(ပြန်/ဆက်)