ညောင်တုန်း ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကြဲခင်းစနစ် ပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စပါးမျိုးစေ့ချခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ဝါးတောစွန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၁၁)၊ ဦးပိုင်အမှတ် (၅၅/၂)ရှိ တောင်သူ ဦးထွန်းဝင်း၏ လယ်မြေ (၂)ဧက မိုးစပါးစိုက်ကွက်၌ ကျင်းပသည်။
အဆိုပါ စပါးမျိုးစေ့ချကွင်းသရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ စုစုပေါင်း(၇၂)ဦးခန့် တက်ရောက်ခဲ့ကြပြီး မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် မိုးစပါးမျိုးစေ့ချ စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်သော်မြင့်က မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါးမျိုးစေ့ချ စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများနှင့် စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရေး အကြောင်းအရာများကို တောင်သူများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)