ပွင့်ဖြူ ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မဲဇလီရေ လွှဲဆည်ရေနှင့် မြေအောက်ရေကို စနစ်တကျ အသုံးချပြီး ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို နှစ်စဉ် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင် ဈေးကောင်းရရှိသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ငှက်ပျောစိုက်ပျိုး တောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေပေါကြွယ်ဝသည့်အတွက် ကျေးလက်နေတောင်သူများမှာ နွေ ၊ မိုး ၊ ဆောင်း သုံးရာသီ စိုက်ပျိုးရေး လုပ်ငန်းအား စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး အဓိကစိုက်ပျိုးသည့်သီးနှံများမှာ စပါး ၊ နှမ်း ၊ ကုလားပဲ ၊ ပဲတီစိမ်း ၊ ပဲထောပတ် ၊ နေကြာ ၊ မြေပဲသီးနှံနှင့် စားပင်သီးနှံမျိုးစုံ တို့ကို စိုက်ပျိုးကြကြောင်း သိရသည်။ အချို့ တောင်သူများမှာ ဉယျာဉ်ခြံမြေများ ပြုလုပ်ကာ ဖီးကြမ်းငှက်ပျော ၊ ငှက်ပျောချဉ် ၊ သီးမွှေး ၊ ရခိုင်ငှက်ပျော တို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
ဖီးကြမ်းငှက်ပျောဈေးကွက်မှာ ယခင်လများက ကိုဗစ် - ၁၉ ရောဂါကြောင့် ဈေးကွက်ကျဆင်းကာ ဖီးကြမ်း ငှက်ပျော တစ်ဖီးလျှင် ငွေကျပ် (၆၀၀ ၊ ၇၀၀)ခန့်သာ ရောင်းချခဲ့ရာမှ ယခုအခါ ငှက်ပျောဈေးကွက် ပြန်လည်ကောင်းမွန် လာသဖြင့် တစ်ဖီးလျှင် ငွေကျပ် (၉၀၀ ၊ ၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေရ၍ လုပ်ငန်းအဆင်ပြေနေကြကြောင်း ၊ ငှက်ပျောသီးနှံတွင် ဖီးကြမ်းငှက်ပျောသီးနှံမှာ စားသုံးသူအကြိုက် တွေ့ကာ ဈေးပိုရသည့်အတွက် ဖီးကြမ်းငှက်ပျောကို အခြားငှက်ပျောသီးနှံ တွေထက် ပိုပြီးအားထားစိုက်ပျိုးကြကြောင်းသိရသည်။
“ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာရှိ ဒေသခံတောင်သူတွေဟာ မဲဇလီရေလွှဲဆည်ရေနဲ့ ကိုယ်ပိုင်စက်ရေတွင်းများဖြင့် ဖီးကြမ်းငှက်ပျောကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပါတယ် ၊ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ကြောင့် အောင်မြင်ဖြစ်ထွန်းမှုလဲ ရှိပါတယ်။ ။ ဖီးကြမ်းငှက်ပျောဟာ အခြားသော ငှက်ပျောသီးနှံတွေထက် စားသုံးသူ အကြိုက်တွေ့ပြီး ရောင်းချရာမှာ ဈေးလည်းပိုရပါတယ်။ ယခင်လတွေတုန်းက ကိုဗစ် - ၁၉ ရောဂါကြောင့် ဖီးကြမ်းငှက်ပျော ဈေးကွက် ကျဆင်းသွားခဲ့လို့ တောင်သူတွေ တွက်ချေမကိုက်ဘူး ။ ယခုတော့ ဖီးကြမ်းငှက်ပျောဈေးကွက် ပြန်ကောင်း လာတဲ့အတွက် စိုက်ပျိုးတဲ့တောင်သူတွေရော တစ်ဆင့်ပြန်လည်ရောင်းချတဲ့ ဈေးသည်တွေပါ အဆင်ပြေကြပါတယ်။ လက်ရှိရောင်းရတဲ့ဈေးနှုန်းကတော့ ဖီးကြမ်းငှက်ပျောတစ်ဖီးကို ငွေကျပ် (၉၀၀၊ ၁၀၀၀) အထိ ရောင်းချနေရပါတယ်”ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဖီးကြမ်းငှက်ပျောစိုက်ပျိုး တောင်သူ တစ်ဦးက ပြောသည်။
ရဲဝင်းနိုင် ( ညောင်ဦး )