ဖျာပုံမြို့၌ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ် သင်တန်း(TOT)ဖွင့်ပွဲကျင်းပ

ဖျာပုံ ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဥပဒေရေးရာဝန်ကြီးဌာန၏ ညွှန်ကြားချက်၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ လမ်းညွှန်ချက်၊ ဖျာပုံခရိုင်ဥပဒေအရာရှိ၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သောရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဖွင့်ပွဲကို ဇူလိုင်လ(၁)ရက်နေ့ နေ့လယ်ပိုင်းအချိန်ကဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ဖျာပုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ ဦးသိန်းထွန်းဝင်းက နိုင်ငံသားတိုင်း တရားဥပဒေစိုးမိုးရရှိရေး၊ နိုင်ငံသားတိုင်း ဥပဒေအသိပညာရရှိရေး၊ ဥပဒေ၏ အကာအကွယ်ကို အညီအမျှရရှိစေရေးတို့ကို ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို ဆက်လက်သင်ကြားရာ ဖျာပုံမြို့နယ် ဥပဒေအရာရှိ ဦးသိန်းထွန်းဝင်းနှင့် ဥပဒေပညာရှင်များက ဥပဒေဘာသာရပ်(၇)ခုကို သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းကာလမှ ဇူလိုင်လ (၁)ရက်နေ့မှ ဇူလိုင်လ (၃)ရက်နေ့အထိ မြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာအုပ်စု (၇၅)အုပ်စုမှအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)