ကြို့ပင်ကောက် ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ တမံဆည်ကျေးရွာ၌ စက်မှုလယ်ယာဦးစီးဌာန၏ ရက် ၁၀၀ စီမံချက်လှုပ်ရှားမှုအဖြစ် ထိုင်းနှံကောက်မိုးစပါးအား ၁၀ တန်းသွားမျိုးစေ့ချကိရိယာ (10 Rows Seeder) ဖြင့် မိုးစပါးအစေ့ချစိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စက်မှုလယ်ယာဦးစီးမှူး ဦးဇော်မြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး စောမောင်ဗွေနှင့် မြို့နယ်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဒေသခံ တောင်သူများက တောင်သူဦးနောင်နောင်ဝင်း၏ လယ်မြေ (၅) ဧကကွင်း၌ ထိုင်းနှံကောက်စပါးအား ၁၀ တန်းသွားမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မြင့်က တောင်သူများအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းသည် ကြဲခင်းထက် မျိုးစေ့နှုန်းထားလျှော့ချနိုင်ခြင်း၊ လုပ်သားအင်အား လျော့ချနိုင်ခြင်း၊ ပျိုးနုတ်ရန်မလိုအပ်ခြင်းကြောင့် ပျိုးပင်ထိခိုက်မှုသက်သာစေခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးမှုစောစီးစွာရရှိစေခြင်း၊ ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေခြင်း၊ အသုံးပြုမြေဩဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေခြင်း၊ ရေကိုပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်ခြင်း၊ အထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)