ရွှေတောင် ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ရွှေတောင်အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းဆွေဦးဆောင်သည့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းရှိ အသက် (၁၀) နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူ၍ UID ကတ် ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်ဝင်း၊ ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့မှ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး နိုင်ငံသားကတ်နှင့် UID ကတ်များအား ကျောင်းသား၊ ကျောင်းသူများလက်ဝယ်သို့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)