မြန်အောင် ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် ဒေသန္တရအုပ်ချုပ်ရေး ယန္တရား စဥ်ဆက်မပြတ် လည်ပတ်နိုင်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်ကြသဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်နှင့်လုပ်ပိုင်ခွင့်များကို သိရှိနားလည်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စွမ်းဆောင်ရည်ပြည့်ဝစွာထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစနေထွန်းက သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းသို့ မြန်အောင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၇၃) အုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ သင်တန်းကာလ ရက်သတ္တပတ်(၄)ပတ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)