မင်းဘူး(စကု)မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း(၁/၂၀၂၆) ဖွင့်လှစ်

မင်းဘူး ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ နိုင်ငံတော်က ချမှတ်ထားသောမူဝါများ၊ ဦးတည်ချက်များနှင့်အညီ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်က လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ဖွင့်လှစ်သည့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေးအတွက် သင်တန်းများဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။ ပြည်ထဲရေးဝန်ကြီးဌာန၊ မင်းဘူး(စကု)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက ကြီးမှူးဖွင့်လှစ်သည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း(၁/၂၀၂၆)တွင် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး ၅၅ ဦး တက်ရောက်ခဲ့ပြီး ဇူလိုင်လ ၁ ရက်မှ ၂၈ ရက်နေ့အထိ ရက်သတ္တ(၄)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းတွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်တွင် ပါဝင်ဆောင်ရွက်ရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရစနစ်ကို လက်တွေ့ကျင့်သုံးပြီး ခေတ်စနစ်နှင့်အညီ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ထိရောက်အောင်မြင်စွာဆောင်ရွက်၍ နိုင်ငံတော်ကချမှတ်ထားသောမူဝါများ၊ ဦးတည်ချက်များနှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဘာသာရပ်များအလိုက် စနစ်တကျ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)