အောင်လံ ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် အောင်လံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် အောင်လံခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဌေးဌေးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အောင်လံခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက "အင်အားသစ်များနှင့်အတူ" သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ဆက်လက်၍ ဆုချီးမြှင့်ခြင်းအစီအစဉ်ကိုကျင်းပရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၅) ဘာသာ ဂုဏ်ထူးရရှိသည့် ကျောင်းသူများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအဆင့်(၆)(ဆဌမ)ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသူအား တာဝန်ရှိသူများကဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ကျပန်းစကားပြောပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ပေးခဲ့ကြသော ဒိုင်လူကြီးများအား အမှတ်တရလက်ဆောင်များပေးအပ်ခြင်း၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခြင်း၊ သွေးလှူဒါန်းမှုအကြိမ်အရေအတွက် အများဆုံးဖြစ်သည့် (၄၈)ကြိမ်မြောက် သွေးလှူရှင် ဒေါ်ယဉ်ယဉ်လှအား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ကြသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများက အောင်လံခရိုင် အမျိုးသမီးရေးရာအဖွဲ့၏ တစ်နှစ်တာလှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)