သရက်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးအပ်ပွဲ ကျင်းပ

သရက် ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်မြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ လမင်းစီမံချက်ကို ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁) ဦးကျော်ကျော်နှင့် အမှတ်(၂) ဒေါက်တာညိုဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသူရနှင့် မြို့နယ်ဦးစီးမှူးတို့က ကြည့်ရှုအားပေးခဲ့ပြီး အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ကျောင်းသူ (၁၄၉)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို လက်ဝယ်အရောက် နေ့ချင်းပြီး ဆောင်ရွက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)