ဖျာပုံမြို့၌ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်

ဖျာပုံ ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်ကျင်းပသော ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန် ပြည်သူ့ဝန်ထမ်းများ ပြည်သူ့အကျိုးကို ရှေ့ရှုလုပ်ဆောင်တတ်စေရန်နှင့် ဌာနဆိုင်ရာလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ဇူလိုင်လ (၁) ရက်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းဖွင့်ပွဲတွင် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် ဌာနဆိုင်ရာလုပ်ငန်းများကို ဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်တတ်စေရန်လိုကြောင်း၊ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်သည့် ပြည်သူ့ဝန်ထမ်းများပီပီ ပြည်သူ့အကျိုးကို ရှေ့ရှုလုပ်ဆောင်တတ်စေလိုကြောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာဖို့လိုကြောင်း၊ ယခုသင်တန်းမှ သင်ကြားပို့ချသည့် ဌာနဆိုင်ရာ ဘာသာရပ်များကို ဂရုတစ်စိုက် သင်ယူမှတ်သားပြီး မိမိတို့တာဝန်ကျရာဒေသများမှာ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဖြစ်ပေါ်လာပုံ Video အား Projector ဖြင့်ပြသသည်။

ထို့နောက် ဖျာပုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်းမောင်ဝင်းက နိဂုံးချုပ်အမှာစကားပြန်လည်ပြောကြားပြီး သင်တန်းကိုဆက်လက်ပို့ချရာ ဖျာပုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားပို့ချပေးကြသည် ။အဆိုပါသင်တန်းဖွင့်ပွဲသို့ ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး၊ သင်တန်းကာလမှာ ဇူလိုင်လ (၁) ရက်နေ့မှ ဇူလိုင်လ (၂၈) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)