မကွေးတိုင်းဒေသကြီးအတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ၁/၂၀၂၆ သင်တန်း စတင်ဖွင့်လှစ်

မကွေး ဇူလိုင် ၁

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ အုပ်ချုပ်မှုစွမ်းရည် ပိုမိုထက်မြက်လာစေရန်နှင့် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို စနစ်တကျ နားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက မကွေးမြို့၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအောင်ချိုက ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ၊ ပြဋ္ဌာန်းချက်များအရ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသည် ဒေသန္တရအုပ်ချုပ်ရေးယန္တရားစဉ် ဆက်မပြတ်လည်ပတ်နိုင်ရေးအတွက် အဓိကမောင်းနှင်အားများဖြစ်ကြသောကြောင့် မိမိတို့ရဲ့လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို သိရှိနားလည်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စွမ်းဆောင်ရည်ပြည့်ဝစွာ တာဝန်ထမ်းဆောင်နိုင်စေရန်နှင့် အုပ်ချုပ်ရေးမှူးကောင်းများဖြစ်စေရန်ရည်ရွယ်၍ သင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့ကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သင်တန်းမှ ပို့ချမည့် ဘာသာရပ်များကိုလည်း ဂရုတစိုက် လေ့လာမှတ်သားပြီး မိမိတို့နယ်မြေတွင် လက်တွေ့အသုံးချကြစေလိုကြောင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် သင်ဆိုင်ရာဌာနမှတာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများနှင့် ပြင်ဆင်ချက်များ၊ ရုံးလုပ်ငန်းဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းဆိုင်ရာများ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)