မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး မကွေးခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လုပ်ငန်းဆာင်ရွက်ထားရှိမှုများ ကြည့်ရှုအားပေး

မကွေး ဇူလှိုင် ၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်၍ စာဖတ်ရှုသူပိုမိုများပြားလာစေရေး လုပ်ငန်းဆောင်ရွက်နေမှုများအား မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဒေါ်နွယ်နီနိုင်နှင့် တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းကကြည့်ရှုအားပေးသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည် မကွေးခရိုင်ပြည်သူ့စာကြည့်တိုက်က စာအုပ်စာစောင်ငှားရမ်းနေမှုများ၊ သုတ၊ ရသ၊ စာအုပ်များခင်းကျင်းထားရှိမှုနှင့် DLMS စနစ်ဖြင့်စာအုပ်စာရင်းသွင်းထားရှိမှုများနှင့် ကလေးစာဖတ်ခန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ပပသင်းက ရှင်းလင်းတင်ပြပြီး လူမှုရေးရာဝန်ကြီးက  ပြည်သူများနှင့် လူငယ်လူရွယ်များ စာပေကိုအလွယ်တကူဖတ်ရှုလေ့လာနိုင်ရေးအတွက် ခေတ်နှင့်အညီ စာအုပ်စာစောင်များစုံလင်စွာထားရှိပေးရန်၊ စာကြည့်တိုက်အသုံးချမှုမြှင့်တင်ရန်၊ မျိုးဆက်သစ်လူငယ်များ စာကြည့်တိုက်သို့ ပိုမိုလာရောက်ပြီး အသိပညာဗဟုသုတရှာမှီးနိုင်ရေးအတွက် စာဖတ်ဝိုင်းများဆောင်ရွက်ပေးသွားရန်၊ စာကြည့်တိုက်ရှိ စာအုပ်စာစောင်များနှင့် အဆောက်အဦးများ ရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် စနစ်တကျထိန်းသိမ်းစောင့်ရှောက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

 မကွေးခရိုင် ပြည်သူ့စာကြည့်တိုက်အနေဖြင့် ပြည်သူများအသိပညာများရရှိစေရန် အွန်လိုင်းမှတစ်ဆင့်အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ စာအုပ်စာစောင်များငှားရမ်းခြင်း၊ နံရံကပ်စာစောင်ပြသပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)