စုကလိမြို့ မဲကုလားကျေးရွာအုပ်စုတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ရန်အတွက် ပြည်သူများအား အသိပညာပေးရှင်းလင်းပွဲပြုလုပ်

စုကလိ           ဇန်နဝါရီ     ၂၂

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းကို အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြန်လည်ရွေးချယ်နိုင်ရန်အတွက်  ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ မဲကုလားကျေးရွာအုပ်စု၊ ဝါးမီးထကျေးရွာ ဓမ္မာရုံတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း နှင့် ပတ်သက်ပြီး ပြည်သူများအား အသိပညာပေးရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက် ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် စုကလိမြို့အုပ်ချုပ်ရေးမှူး ဦးသူရိန်မင်းက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း ဆိုင်ရာဥပဒေ၊ နည်းဥပဒေ ၊ ပြင်ဆင်ချက်များအား Power Point slide ဖြင့် ရှင်းလင်းပြောကြားခြင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပုံ အဆင့်ဆင့်ကို ဗီဒီယိုဖြင့်ရှင်းလင်းပြသပြီး ဌာနဆိုင်ရာအကူအညီပေးရေးအဖွဲ့မှ မြို့စိုက်ပျိုးရေး ဦးစီးမှူး ဦးဇော်သန်းဦး က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ သတ်မှတ်အရည်အချင်းများကို လည်းကောင်း၊ စုကလိမြို့နယ် မြေရဲစခန်းမှူး ရဲအုပ်ဇော်ဌေးလွင် က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းအတွက် အချိန်ဇယား သတ်မှတ်ထားရှိမှုအခြေအနေ နှင့် စုလိမြို့စည်ပင်သာယာရေး အဖွဲ့ မြို့တာဝန်ခံ ဦးစည်သူကျော် က ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လည်းကောင်း Power Point slide များဖြင့် အသီးသီး ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ခြင်း လုပ်ငန်းစဉ်နှင့် ပတ်သက်၍ တက်ရောက် လာသည့် ပြည်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြရာ တာဝန်ရှိသူများက အသီးသီး ရှင်းလင်းဖြေကြားခဲ့ကြကြောင်းသိရသည်။

ဇော်နိုင်လင်း(ပြန်/ဆက်)