အောင်လံ ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ မြင်းကပိုင်ကျေးရွာအုပ်စု၊ ကျောက်စွယ်ကျိုးကျေးရွာတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၄၅၀) ဖြင့် Network Sky Co.,Ltd မှ တာဝန်ယူတည်ဆောက်သွားမည့် "နယ်မြေမီးသတ်စခန်း" အဆောက်အအုံသစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါမြေနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ နယ်မြေမီးသတ်စခန်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ အောင်လံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေနှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးဌာနမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို နံနက် ၁၁ နာရီအချိန်တွင် စတင်ခဲ့ပြီး တက်ရောက်လာကြသည့် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက သတ်မှတ်မင်္ဂလာအချိန်တွင် ရတနာပန္နက်တော်များကို သတ်မှတ်နေရာအသီးသီးတွင် စနစ်တကျ စိုက်ထူပေးခဲ့ကြပြီး၊ အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ပန္နက်တင်မင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြသည်။
ယခု တည်ဆောက်မည့် နယ်မြေမီးသတ်စခန်း ပေါ်ပေါက်လာပါက မြင်းကပိုင်ကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ပြီး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါကလည်း အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုလျင်မြန်ထိရောက်စွာ ဆောင်ရွက်ပေးနိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)