ဟားခါးမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း (၁/၂၀၂၆) ဖွင့်လှစ်

ဟားခါး   ဇူလိုင်        ၁

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဟားခါးမြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက အဖွင့်အမှာစကား ပြောကြားသည်။

အမှာစကားပြောကြားရာတွင် ဟားခါးမြို့နယ်အနေဖြင့် နိုင်ငံတော်အစိုးရသစ်ဖွဲ့စည်းပြီးနောက် အစိုးရသစ်ဖွဲ့စည်းခြင်းနှင့်အတူ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်သည့် လုပ်ငန်းများအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးဥပဒေများနှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်တွင်ပါဝင်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတစ်ခုဖြစ်သည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်ထားခြင်းလုပ်ငန်းအား နယ်မြေတည်ငြိမ်အေးချမ်းမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးများအား လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန်အတွက် မိခင်ဌာနဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ဥပဒေ၊ နည်းဥပဒေများ၊ ဘေးနံဌာန/တပ်ဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဥပဒေ၊ နည်းဥပဒေများအား သိရှိနိုင်စေရန်အတွက် သင်ကြားပို့ချရခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်မျိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ဆွေးနွေး တင်ပြသည်။

အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းကို သင်တန်းသား (၈) ဦးဖြင့် ရက်သတ္တပတ် (၄)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)