အိမ်မဲမြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

အိမ်မဲ ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို ယနေ့နံနက် (၈)နာရီအချိန်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်​ငြိမ်ကျဆင်းရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ၊ ဆီကုန်သည်၊ ကြက်ဥကုန်သည်များက တစ်ရက်လျှင် ဆန်တစ်ပြည် (၃၀၀၀)နှုန်းဖြင့် ဆန်အိတ် (၂၀)၊ စားအုန်းဆီ (၅၀)သားလျှင် (၄၀၀၀)ကျပ်နှုန်းဖြင့် ဆီ (၅၀)ပိဿာ၊ ကြက်ဥတစ်လုံးလျှင်(၄၀၀)ကျပ်နှုန်းဖြင့် ကြက်ဥအလုံး (၉၀၀)တို့ကို ဖြန့်ဖြူးရောင်းချပေးခဲ့သည်။ ထိုကဲ့သို့ရောင်းချနေမှုများကို အပတ်စဥ် တနင်္လာနေ့မှသောကြာနေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီထံမှ သိရသည်။

ချစ်သက်လယ် (ပြန်/ဆက်)