မော်လမြိုင်ကျွန်း ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ အုပ်ချုပ်ရေးလုပ်ငန်းဆောင်ရွက်မှုများ ပိုမိုထိရောက်အောင်မြင်စေရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေးသင်တန်း (၁/၂၀၂၆) ဖွင့်လှစ်ခြင်းအခမ်းအနားကို ဇူလိုင် ၁ ရက် နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ဒေသအုပ်ချုပ်ရေးယန္တရား၏ အခြေခံအကျဆုံးတာဝန်ရှိသူများဖြစ်သဖြင့် တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်စွာသိရှိနားလည်ပြီး ပြည်သူဗဟိုပြုအုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ ထို့အပြင် သင်တန်းမှရရှိသည့် အသိပညာနှင့် အတွေ့အကြုံများကို လုပ်ငန်းခွင်တွင် ထိရောက်စွာအသုံးချ၍ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ပိုမိုအောင်မြင်စွာ ဆောင်ရွက်သွားကြရန် အုပ်ချုပ်ရေးမှူးများအား တိုက်တွန်းပြောကြားခဲ့ပြီးနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုလတ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သင်ကြားပို့ချမည့် ဘာသာရပ်များနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဇူလိုင် ၁ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ရာ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးစုစုပေါင်း (၁၂၁) ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)