လေရှီးမြို့၌ အခြေခံအရန်သားဖွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

လေရှီး ဇွန် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အခြေခံအရန်သားဖွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီမှ (၁၁)နာရီ အချိန်ထိ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာလေရှီးမြို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ရာ သင်တန်းတက်ရောက်လာသော သင်တန်းသူများအား သင်တန်းကာလ (၆) လအတွင်း စာတွေ့လက်တွေ့ပို့ချပေးမည့် ပညာရပ်များအားလုံးကို စိတ်ဝင်တစား ကြိုးစားသင်ယူလေ့လာရန်၊ သင်တန်း ကိုပျက်ကွက်မှုမရှိပဲ ပြီးဆုံးသည်အထိ တက်ရောက်ရန်၊ ပို့ချပေးသောပညာရပ်များဖြင့် မိမိတို့ဒေသအတွက် အကျိုးပြုမည့်ပုဂ္ဂိုလ်များ ဖြစ်လာနိုင်စေရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ပြည့်ဖြိုးအောင်က အခြေခံအရန်သားဖွားသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါသင်တန်းကို စာတွေ့သင်ကြားကာလ(၃)လ၊ လက်တွေ့သင်ကြားခြင်း ကာလ (၃) လနှင့် သင်တန်းနည်းပြ (၇) ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သင်တန်းဆိုင်ရာများနှင့်စပ်လျဉ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်နာဂဒေသဦးစီးနာဂဒေသဦးစီးအဖွဲ့မှ သင်တန်းအတွက် ထောက်ပံ့ပေးအပ်သည့်ငွေကျပ် (၅) သိန်းအား လေရှီးမြို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်ကသင်တန်းသူတစ်ဦးအား ပေးအပ်ခဲ့သည်။

ဆက်လက်၍ သင်တန်းသူများအတွက် ဆန်၊ ဆီ၊ စားသောက်ကုန်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မောင်မောင်လွင်က သင်တန်းသူတစ်ဦးအားပေးအပ်ခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ညွယ်သီးချယ်က သင်တန်းကာလအတွက် သင်တန်းသူတစ်ဦးအား ထောက်ပံ့ငွေ (၁) သိန်းကျပ် ပေးအပ်ခဲ့သည်။ လေရှီးမြို့ ဒုတိယဗိုလ်မှူးကြီး ဦးမြင့်ဇော်က မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာပြည့်ဖြိုးအောင်အား ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် သင်တန်းသူ (၁၅) ဦး အပါအဝင် စုစုပေါင်းအင်အား (၄၅) ဦးခန့် တက်ရောက်ခဲ့သည်။

မြို့နယ်(ပြန်/ဆက်)