ကန်ကြီးထောင့် ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးနှင့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့တို့ပူပေါင်း၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှု ရပ်ရွာအခြေပြု Ready to Wear အခြေခံစက်ချုပ်နှင့် ဆပ်ပြာဆီ၊ ဆပ်ပြာခဲပြုလုပ်နည်း သင်တန်းဆင်းပွဲကို ယနေ့နံနက်က ရှမ်းရွာကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၏ဇနီး ဒေါ်မိုးသူတင့်နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ပုသိမ်အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်နှင့်နည်းပြများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၏ဇနီး ဒေါ်မိုးသူတင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၏ဇနီးနှင့်အဖွဲ့က သင်တန်းသူများ သင်တန်းတွင် ပြုလုပ်ထားသော ဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့်ချုပ်လုပ်ထားသော အဝတ်အထည်များအား ကြည့်ရှုခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့ကြသည်။
အဆိုပါသင်တန်းအား အမျိုးသမီးများအတွက် စွမ်းဆောင်ရည်မြင့်မားရေး၊ အသက်မွေးဝမ်းကျောင်းမှု အထောက်အကူပြုရေးနဲ့ မိမိကိုယ်ကိုယုံကြည်မှုရရှိလာစေရေးရည်ရွယ်၍ နည်းပြဆရာ (၂) ဦးမှ သင်တန်းသူ (၂၀) ဦးတို့အား ဇွန်လ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့အထိ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)