ဝန်းသို ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေးနှင့် ပူပြင်းခြောက်သွေ့သော နွေရာသီကာလ၌ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ရေရရှိရေးလုပ်ငန်းများကို နှစ်စဉ်ဘတ်ဂျက် လျာထား ဆောင်ရွက်ပေးလျက်ရှိရာ စက်ရေတွင်းတူးဖော်ပေးနိုင်ရေးအတွက် မြေအောက်ရေ ရရှိနိုင်စွမ်း (Geophysical Survey) တိုင်းတာဆောင်ရွက်ခြင်းလုပ်ငန်းကို ကျေးရွာပေါင်း (၁၈)ရွာတို့တွင် တိုင်းတာ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
" ကျွန်တော်တို့မြို့နယ်က တောင်ကုန်း တောင်တန်းတွေ၊ ချောင်းငယ်မြောင်းငယ်တွေပေါတယ်၊ ရေရှား သလားဆိုတော့မရှားဘူး၊ ဒါပေမဲ့ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီမှာတော့ ရေတွင်း/ရေကန်တွေခမ်းတယ်၊ အဲ့ဒီတော့ အဓိကက နွေရာသီသောက်သုံးရေမပြတ်လပ်ဖို့ ကျွန်တော်တို့ ဌာနက စက်ရေတွင်းတွေ တူးဖော်ပြီး မြေအောက်ရေကို ရယူပါတယ်၊ ဒီဒေသက ဘူမိဗေဒတိုင်းထွာချက်အရ မြေအောက်လွှာ တွေဟာ အလွန့် အလွန်မာကျောတဲ့ ကျောက်လွှာတွေပေါတယ်၊ ဒါကြောင့် မြေအောက်ရေရယူဖို့ စက်ရေ တွင်းတွေတူးဖော်ပေးရာမှာ မြေအောက်ရေ ရနိုင်စွမ်းရှိ/မရှိ တိုင်းတာဆောင်ရွက်ပေခြင်းဖြစ်ပါတယ်၊ မလိုအပ်ပဲ နိုင်ငံတော်ဘတ်ဂျက်တွေ မဆုံးရှုံးစေဖို့လည်းပါပါတယ် "ဟု မြို့နယ် ဦးစီးမှူး ဦးမြတ်မျိုးထွန်းက Geophysical Survey ကွင်းဆင်းတိုင်းတာရခြင်းအကြောင်းကို ပြောပြသည်။
အဆိုပါ မြေအောက်ရေ ရရှိနိုင်စွမ်း Geophysical Survey တိုင်းတာခြင်းလုပ်ငန်းကို ယခု ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင် ဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်တို့ဖြင့်ဆောင်ရွက်မည့် ကျေးရွာ (၇) ရွာ၊ ဖြည့်စွက်ဘတ်ဂျက်၊ မွမ်းမံဘတ်ဂျက်လျာထား တင်ပြထားသည့် ကျေးရွာ(၂)ရွာနှင့် ၂၀၂၁-၂၀၂၂ ခုဘတ်ဂျက်တွင် စက်ရေတွင်းတူးဖော်ဆောင်ရွက်ရန် လျာထားတင်ပြထားသော ကျေးရွာ(၉)ရွာ စုစုပေါင်းကျေးရွာပေါင်း(၁၈)ရွာတို့တွင် တိုင်းတာဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။
ကျော်မြိုင် (ပြန် /ဆက်)