မြောင်းမြမြို့တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ

မြောင်းမြ ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့်စာအုပ်ပြပွဲကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြောင်းမြခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကလျာက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြောင်းမြခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းနွဲ့သိင်္ဂီက “ဂုဏ်ယူဝင့်ကြွားမြန်အမျိုးသမီးများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါက်တာ လှလှဝင်းက “မျိုးပွားအင်္ဂါနှင့်သက်ငယ်မုဒိမ်း” ခေါင်းစဉ်ဖြင့်လည်းကောင်းအသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသီတာက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲအပြီးတွင်း မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကတ်စာစောင်များနှင့် စာအုပ်၊ စာစောင်များအား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)