မင်းတပ်မြို့၌ မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေး

မင်းတပ်  ဇန်နဝါရီ  ၂၂

မင်းတပ်မြို့၌ မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အရပ်ဖက် လူမှုအဖွဲ့ အစည်းများပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မင်းတပ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပခဲ့သည်။

မင်းတပ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးဘင်နီဖိုင်း က ချင်းပြည်နယ်ရှိ မြို့နယ်များအလိုက် (၃)နှစ်တာကာလအတွင်း မှုခင်းဖြစ်ပွားမှု နှိုင်းယှဉ်ချက်များ၊ မင်းတပ်ခရိုင်အတွင်း အများဆုံး ဖြစ်ပွားသည့် မှုခင်းများအကြောင်းနှင့် မှုခင်းကြိုတင် ကာကွယ်နိုင်မှုများကို ရှင်လင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပြည်သူလူထုမှ ရဲတပ်ဖွဲ့သို့ ကူညီသတင်း ပေးစေလိုသည့် အချက်များ ရှင်းလင်း ဆွေးနွေးရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း တာဝန်ရှိသူများက ပါဝင်ဆွေးနွေး ခဲ့ကြသည်။

၂၀၂၀ပြည့်နှစ်အတွင်း မင်းတပ်ခရိုင်ရဲတပ်ဖွဲ့အနေဖြင့် အမှုကြီး(၁၀)မျိုးဖြစ်ပွားမှု(၅)မှု၊ အခြားအမှု (၁၀)မျိုးဖြစ်ပွားမှု(၁၇၇)မှုနှင့် မှုခင်းကြိုတင်ကာကွယ်နိုင်မှု (၂၁၃)မှုကို အမှုဖွင့်ဆောင်ရွက်နိုင်ခဲ့ ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးဘင်နီဖိုင်း ထံမှသိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)