တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ ကျင်းပ

ပုသိမ် ဇွန် ၃၀

တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ် ရယူကြသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၅) ဦး၏ ကြယ်ပွင့်ပြမေးခွန်း (၈) ခုကို သက်ဆိုင်ရာတိုင်း‌ဒေသကြီးဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်ရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၇၂/၂၀၂၆) ဖြင့် မြန်မာနိုင်ငံလွှတ်တော် ဆိုင်ရာအဖွဲ့ (MPU) ဖွဲ့စည်းခြင်းနှင့် ဒုတိယပုံမှန်အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှအတည်ပြုဆုံးဖြတ်ခဲ့သည့် အဆို (၃) ခုနှင့် စပ်လျဉ်းပြီး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (၃) ဖွဲ့ ဖွဲ့စည်းခြင်းတို့အား လွှတ်တော်ကသဘောတူသဖြင့် မှတ်တမ်းတင်ခဲ့ပြီး တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ကို ရပ်နားလိုက်ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)