ငွေဆောင် ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဒေသခံပြည်သူများ စက်သုံးဆီ ပြတ်လပ်မှုမရှိဘဲ စျေးနှုန်းမှန်ကန်စွာဖြင့် စိတ်အေးချမ်းသာစွာ ဝယ်ယူသုံးစွဲနိုင်ရေးနှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေးတို့အတွက် ယမန်နေ့နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လျှပ်စစ်ဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ငွေဆောင်မြို့ ၊ အမှတ် (၃) ရပ်ကွက်၊ မြို့ဝင်လမ်းရှိ REGENCY စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်ကာ ပြည်သူများထံ စက်သုံးဆီများအား အဆင်ပြေချောမွေ့စွာ ရောင်းချပေးနေမှု ရှိ/မရှိနှင့် စျေးနှုန်းမှန်ကန်မှု ရှိ/မရှိ အခြေအနေများ၊ ခွဲတမ်းအရဆီရရှိမှု၊ ဆီတင်ယာဉ်များ သတ်မှတ်ရက်အတိုင်း ဆိုင်သို့ရောက်ရှိမှုနှင့် စက်သုံးဆီများ သိုလှောင်ထိန်းသိမ်းထားရှိမှု အခြေအနေများ၊ ဆီဆိုင်ဝန်းကျင်အတွင်း လျှပ်စစ်မီးကြိုးများနှင့် လျှပ်စစ်ပစ္စည်းများ စနစ်တကျရှိမှု၊ မီးသတ်ဆေးဘူးများနှင့် မီးဘေးကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ အသင့်စုဖွဲ့ပြင်ဆင်ထားရှိမှု အခြေအနေများကို အသေးစိတ် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ယင်းသို့ စစ်ဆေးပြီးနောက် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စက်သုံးဆီပြတ်လပ်မှု မရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ဆီအရည်အသွေးနှင့် အချင်အတွယ် မှန်ကန်စွာဖြင့် စျေးနှုန်းတည်ငြိမ်စွာ ရောင်းချပေးရန်နှင့် မီးဘေးအန္တရာယ် လုံခြုံရေးအတွက် လစ်ဟင်းမှုမရှိစေဘဲ အမြဲမပြတ် သတိပြုဆောင်ရွက်သွားရန် လိုအပ်သည့်လုပ်ငန်းစဉ်များကို ဆီဆိုင်တာဝန်ခံအား လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ကျော်လင်းဦး ( ပြန် / ဆက်)