ဂန့်ဂေါ ဇွန် ၃၀
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဂန့်ဂေါမြို့တွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Pfizer LP 8.1 ကို ယမန်နေ့နံနက် (၉) နာရီအချိန်မှ စတင်၍ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (တာဝန်ခံ) ဒေါက်တာဝင်းထိုက်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းနိုင်ငံ့ဝန်ထမ်း (၈၅၃) ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Pfizer LP 8.1 ကို ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးကြကာ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အလားတူ ဇွန်လ(၂၆)ရက်နေ့က ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ) နှင့် အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ကျောင်းတို့မှ အသက် (၁၈) နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူ (၁၄၉) ဦးကိုလည်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်ဆက်)