တမူးမြို့တွင် သက်တမ်းလွန်ဆေးဝါးများ၊ သက်တမ်းလွန် စားသောက်ကုန်များ၊ အမှတ်တံဆိပ် မပါ ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

တမူး ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များနှင့် ကုန်စုံ ဆိုင်များတွင် သက်တမ်း လွန်ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ သက်တမ်းလွန် စားသောက် ကုန်များ၊ အမှတ်တံဆိပ်မပါ ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/ မရှိကို ယမန်နေ့နံနက် (၁၀) နာရီခွဲ အချိန်က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဝါးရောင်းချခွင့် လိုင်စင်မရှိဘဲ ဆေးဝါးရောင်းချမှု ရှိ/ မရှိ၊ မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ စပ်ဆေးများ၊ စံမညီသော ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေခြင်း ရှိ/ မရှိနှင့် ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သော အစားအသောက်များ သက်တမ်းလွန် စားသောက်ကုန်များ၊ အမှတ်တံဆိပ် မပါကုန်ပစ္စည်းနှင့် စားသောက်ကုန်များ ရောင်းချမှု ရှိ/ မရှိတို့ကို တမူးမြို့ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းလဲ့ယဉ် နှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးလေးမော်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင့်ဖြိုးလှိုင်၊မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်မိုး၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၁ ဒေါ်ညောင်ငိုက် ဟွဲ၊ တမူးမြို့မ ရဲစခန်းမှ ဒုတိယရဲအုပ် ခိုင်မင်းထွန်းနှင့်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြို့ပေါ် ရပ်ကွက်များရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ ကုန်စုံဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့စစ်ဆေးရာတွင် သက်တမ်းလွန် အစားအသောက်(၁၉)မျိုး တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA)၏ ထောက်ခံချက်မရရှိဘဲ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော အမှတ်တံဆိပ်မပါ ရေဘူးများ (ယခင် Safe သောက်ရေသန့် အမည်ဖြင့်ထုတ်လုပ်သော လုပ်ငန်း)အား တရားဝင်ရောင်းချခြင်းကို ခရိုင်/ မြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ကော်မတီမှ ပိတ်ပင်ခဲ့ကြောင်း တမူးမြို့အစား အသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းလဲ့ယဉ်ထံမှ သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)