ဘားအံ ဇွန် ၂၉
၂၀၂၆ ခုနှစ်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကို ဇွန် ၂၉ ရက် မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ မြို့နယ်(၇)မြို့နယ်မှ ဘတ်စကက်ဘောအသင်း(၇)သင်း အားကစားသမား(၅၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ်အသင်းနှင့် လှိုင်းဘွဲမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘတ်စကက်ဘောအားကစားဝါသနာရှင်များ၊ ကျောင်းသား၊ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြ ပြီး အဆိုပါဗိုလ်လုပွဲစဉ်တွင် ဘားအံမြို့နယ်အသင်းက လှိုင်းဘွဲမြို့နယ်အသင်းကို ၇၆ မှတ် ၄၂ မှတ်ဖြင့် အနိုင်ရဗိုလ်စွဲသည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးများက ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆု၊ တတိယဆုရရှိသည့် သံတောင်ကြီး မြို့နယ်အသင်းနှင့် ဒုတိယဆုရရှိသည့် လှိုင်းဘွဲမြို့နယ်အသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများကို ပေးအပ်ချီးမြှင့်ကြပြီး ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိုးမိုးဝင်းက အနိုင်ရဗိုလ်စွဲသွားသော ဘားအံမြို့နယ် အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု ကျပ် (၁၀)သိန်းနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)